ရန်ကုန် မတ် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားချက်အရ အသား/ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှဝင်ငွေများရရှိနိုင်စေရန်နှင့် နည်းပညာအကူညီပေးနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ (တံခွန်တိုင်/အင်းစိန်) ကျေးရွာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို တစ်ရက်တာဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ ငါးမွေးမြူရေး တောင်သူ(၄၀)ဦး တက်ရောက်ခဲ့ရာ သင်တန်းနည်းပြအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင့်လွင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလေးနိုင်၊ လှော်ကားငါးလုပ်ငန်းစခန်းမှ တာဝန်ခံ ဒေါ်အေးအေးမော်၊ လှည်းကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံဒေါ်စန္ဒာဌေးတို့က အခြေခံ ငါးမွေးမြူရေးဆိုင်ရာများကို သင်ကြားပို့ချပေးခဲ့သည်။
အလားတူ အဆိုပါငါးမွေးမြူရေး နည်းပညာပေးသင်တန်းကို မတ်လ(၁၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ဇုန်(၁)၊ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ငါးမွေးမြူရေးတောင်သူ(၅၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။
ဇွဲထက်ကို