မော်လမြိုင် မတ် ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၃ခုနှစ် မတ်လ ၁၅ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့အထိမ်းအမှတ်နေ့များအနက် ကမ္ဘာသူ၊ ကမ္ဘာသားများ နေ့စဉ်ဖြတ်သန်းလျက်ရှိသည့် စားရေး၊ ဝတ်ရေး၊ နေရေးဆိုသည့် အရေးသုံးပါးနှင့်ပတ်သက်ပြီး စားသုံးသူများကို ကာကွယ်ပေးဖို့၊ မျှတသော စီးပွားရေး စနစ်ကို ဖော်ဆောင်ရန်၊ စီးပွားရေး ကျင့်ဝတ်နှင့်အညီဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းရှင်များကို အားပေးရန်အတွက် ကမ္ဘာ့နိုင်ငံတိုင်းမှာ အလေးအနက် ထားဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများကို ကျင်းပပြီး စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စာသုံးသူများ အနေနှင့်လည်း မိမိ၏အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး မိမိတို့၏ အခွင့်အရေး နှင့်အကျိုးစီးပွားများကို စားသုံးသူများအနေဖြင့် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် ကျန်းမာစွာ နေထိုင်နိုင်ပြီး ၎င်းတို့ နေထိုင်သည့် ပတ်ဝန်းကျင်တွင် စဉ်ဆက်မပြတ် ထုတ်လုပ်မှုပုံစံများ ပြုန်းတီးယုတ်လျော့သွားခြင်း မရှိစေရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အစိုးရများမှ မူဝါဒများ၊ ဥပဒေမူဘောင်များ၊ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းညှိဆောင်ရွက်ရန် စားသုံးသူများအနေနှင့်လည်း လိုက်နာဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏လိုက်နာရမယ့် တာဝန်ဝတ္တရားများကိုအလေးထားပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clipအား ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်းပြပြီး တက်ရောက်လာကြသော ဧည့်သည်တော်များအား ဉာဏ်စမ်း ပဟေဠိများ မေးမြန်း၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ ဆက်)