တောင်ကုတ် မတ် ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်နှင့်စီးကရက် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူး ဦးမြင့်ရွှေက အသိပညာပေး Talk Show များဆောင်ရွက်ရသည့်အကြောင်းများ ဆွေးနွေးပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်သန်းနု နှင့် အငယ်တန်းစာရေး(အင်အားပြ) ဦးငြိမ်းသူနိုင်တို့က သုတပဒေသာနှင့် လူငယ်ရေးရာ စာစောင်အတွဲ (၄၉)၊ အမှတ်(၁၂)တွင် ပါရှိသည့် စာရေးဆရာ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား) ရေးသားသည့် လူငယ်နှင့်စီးကရက်ဆောင်းပါးမှ စိတ်ဝင်စားဖွယ်ရာများဖြစ်သည့် စီးကရက် သောက်သည့် လူငယ်များအနေဖြင့် ယောကျ်ားဘဝကို ဆုံးရှုံးတတ်သည့် အခြေအနေများ၊ စီးကရက်သောက်သည့် မိခင်လောင်းများအနေဖြင့် လမစေ့ပဲ ကလေးမွေးဖွားနိုင်သည့်အပြင် ပေါင်မပြည့်တတ်သည့် အခြေအနေများ၊ လူပျော်ဖော်၊ အပျိုဖော်ဝင်စအရွယ်များတွင် စီးကရက် သောက်ပါက စိတ်ကျရောဂါ ရရှိတတ်သည့် အခြေအနေများနှင့် နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာ၊သွေးတိုးစသည့် ရောဂါများ ဖြစ်တတ်သည့်ဆိုးကျိုးများကို ဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးသည် အများပြည်သူများ အသိ ပညာ ဗဟုသုတများ ရရှိစေရန်အတွက် လူထုဆက်သွယ်ရေး နည်းလမ်းများကို အသုံးပြုလျက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)