ဇမ္ဗူသီရိ မတ် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် စီပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးက မိမိရုံးဌာနနှင့်ဝန်ထမ်းများ လုံခြုံရေးသတိပြုကြရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြသွားကြရန်၊ ဝန်ထမ်းများအနေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအား လိုက်နာကြရန်၊ မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုကြရန်၊ ကျွဲ၊ နွား၊ ဆိတ်များ စည်းကမ်းမဲ့မွေးမြူမှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကြီးကြပ် ဆောင်ရွက်ရန်နှင့် အခက်အခဲများ၊ တခြားလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)