တပ်ကုန်းမြို့၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

တပ်ကုန်း မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ဖွင့်လှစ်သင်ကြား ပေးသည့်  အခြေခံပန်းချီရေးဆွဲနည်းသင်တန်း   ဒုတိယရက်နေ့တွင် သင်တန်းသားများ ထပ်မံတိုးလာကြောင်း သိရသည်။

“အခုလို ဦးစီးဌာနက စိတ်ကူးစိတ်သန်းကောင်းတဲ့ ပညာရပ်များ အခမဲ့သင်ကြားပေးတာ ဝမ်းသာပါတယ်၊ ကလေးတွေက ကျောင်းပိတ်ရက်ဆိုတော့ ဖုန်းတွေ ကြည့်ပြီး အချိန်ကုန်နေကြတယ်၊ ပန်းချီသင်တန်း တက်ရောက်ခွင့်ရလို့ ကလေးတွေက ကိုယ်အမူအရာယဉ်ကျေးမှုနဲ့ တီထွင်ဆန်းသစ်မှုတွေ ပိုမိုရရှိလာပါတယ်” လို့ ပန်းချီသင်တန်းတက်ရောက်သည့် မယွန်းဝသီလင်း၏ အဒေါ်တော်စပ်သူ  ဒေါ်နန်းမူက ပြောပြသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မျဉ်းကြောင်းများအကြောင်း၊ မျဉ်းကြောင်းများ အဓိပ္ပာယ်၊ အရောင်များအကြောင်း၊ အရာဝတ္ထုပုံရေးဆွဲခြင်း၊ သစ်ကိုင်းနှင့် ငှက်ပန်းချီရေးဆွဲခြင်းများ စသည့်အကြောင်းအရာများ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ရာ  သင်တန်းပထမရက်နေ့တွင် မူလတန်းအဆင့် ကျောင်းသားပေါင်း ၂၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသားပေါင်း ၂၂ ဦး တက်ရောက်သင်ကြားခဲ့ပြီး၊ သင်တန်းဒုတိယရက်နေ့တွင် မူလတန်း၊အလယ်တန်းအဆင့် ကျောင်းသားပေါင်း ၂၃ ဦးထိ ထပ်မံတိုးလာကြောင်း သိရပြီး၊ သင်တန်းကို မတ် ၁၄ ရက်မှ ၂၃ ရက်နေ့အထိ နေ့စဉ်မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ နှစ်ဖွဲ့ခွဲ၍ သင်ကြားသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်