ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ညောင်ရွှေမြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ညောင်ရွှေ မတ် ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး)က  ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ၊ ရပ်မိရပ်ဖ၊ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ညောင်ရွှေမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ ညောင်ရွှေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းမှ လက်ခံရယူကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူးခန်းမတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဆင့်မှ အင်းလေးကန်ဘေးမဲ့တော၊ အင်းလေးကန် ရေဝေ ရေလဲ ကိစ္စရပ်များနှင့် သားဌက်တိရိစ္ဆာန်ထိန်းသိမ်းရေး၊ သစ်တောသုတေသနဆောင်ရွက်ထားရှိမှု ကိစ္စရပ်များ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)