မိုင်းယောင်း မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်းရှိ တောင်သူအချို့သည် ဂန္ဓမာပန်းစိုက်ပျိုးခြင်းကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ် စိုက်ပျိုးကြသည်။
ဂန္ဓမာပန်းကို စိုက်ပျိုးရာတွင် အကျယ် ၄ ပေ၊ အလျားပေ ၃၀ ရှိ ပေါင်တစ်ပေါင်တွင် အပင် ၁၀၀၀ ခန့် စိုက်ပျိုးနိုင်ကြောင်း၊ နေ့စဉ် ရေချိုရေအေးအေးနှင့် တစ်နေ့တစ်ကြိမ် မှန်မှန်လောင်းရကြောင်း၊ ဂန္ဓမာပန်းကို နှစ်စဉ် ဩဂုတ်လတွင် ပုံမှန်စိုက်ပျိုးသော်လည်း ယခုအခါ တောင်သူများမှာ ၁၂ ရာသီ ကာလပတ်လုံး စိုက်ပျိုးလာကြကြောင်း၊ စိုက်ပြီး သုံးလခွဲခန့်တွင် ပန်းများကို ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ တချို့ အောင်မြင်ဖြစ်ထွန်းသည့် စိုက်ခင်းများမှာ နှစ်ရက်ခြား၊ သုံးရက်ခြား ခူးဆွတ်ရောင်းချကြောင်း သိရသည်။
ဂန္ဓမာပန်းကို ဧကများများ စိုက်ပျိုးနိုင်ပါက ပို၍အဆင်ပြေသည့်အပြင် မီးဖိုချောင် အသုံးစရိတ်များအတွက်ပါ ကာမိစေနိုင်ပြီး နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း