နေပြည်တော် မတ် ၁၆
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၁/၂၀၂၃ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် နေပြည်တော် အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် After Care Services များကိုလည်း ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာစေရေး၊ ထုတ်လုပ်မှုများမြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်ကြဖို့လိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က နေပြည်တော်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မတီသို့ တင်ပြလာသည့် အမှာစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များကို ဖတ်ကြားရှင်းလင်း တင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးဇေယျာလင်းတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)