မူဆယ် မတ် ၁၆
လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစား သမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံ အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ယမန်နေ့ မွန်းလွဲ (၁၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် “နိုင်ငံတော်အတွက် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်မှန်းပြီး ယခုလို အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခဲ့သဖြင့် သင်တန်းသား လူငယ်မောင်မယ်များ အနေဖြင့်လည်း သင်တန်းတွင် ထိုက်သင့်သလောက် လေ့လာဆည်းပူးပြီးကြတဲ့ နည်းစနစ်၊ ကျွမ်းကျင်မှုများကို အခြေခံပြီး၊ အဆင့်မြင့်အားကစားနည်း ပညာရပ်များကို သင်တန်းပြီးဆုံးသွားပေမယ့်လည်း ဆက်လက်လေ့လာ လိုက်စားကြရန်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ် ကိုယ်စားပြုသည့် အားကစားသမားများမှ တဆင့်နိုင်ငံ့ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရန်” တိုက်တွန်း ပြောကြားသွားခဲ့သည်။
အဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Ground တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ အေးရိုးဗစ်၊ ရိုးရာခြင်းလုံးနှင့် Finacedence အစရှိသော အားကစားနည်း (၈) မျိုးကို ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းကာလမှာ ၂၀-၂-၂၀၂၃ ရက်နေ့မှ ၁၅-၃-၂၀၂၃ ရက်နေ့အထိ တစ်လတာကာလ ကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းများသို့ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၁၃၅၀) ဦးတက်ရောက် လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။
နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ပေးသဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် ကျောင်းသားလူငယ်များအနေဖြင့် စိတ်လေလွင့်မှုမရှိဘဲ အားကစားဘက်သို့ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြ၍ လူငယ်တွေကို အဓိကခြိမ်းခြောက် အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း တားဆီးကာကွယ်ပေးပြီးသားဖြစ်နေကြောင်း မူဆယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်အားကာမှူး ဒေါ်သွယ်သွယ်လှိုင်က ပြောကြားခဲ့သည်။
ချယ်ရီမြေ(မူဆယ်)