နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ အခမ်းအနားတက်ရောက်

နေပြည်တော် မတ် ၁၆

ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ယခုနှစ်အတွက် ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ ဆောင်ပုဒ်ကတော့ စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့(Empowering Consumers Throught Clean Energy Transitions) ဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးများနေ့ဟာ စားသုံးသူပြည်သူများအတွက် စဉ်းစားပေးတဲ့ အထိမ်းအမှတ်တစ်ခုဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာ ကော်မတီဝင်များ အနေဖြင့်လည်း စားသုံးသူများ၏ အစားအသောက်အပါအဝင်၊ ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ၊ အစားအသောက် လုံခြုံမှုရရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ဈေးနှုန်းမှန်ကန်စေရေးများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက စားသုံးသူပြည်သူများနှင့် လုပ်ငန်းရှင်များအား စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းပြေကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့စားသုံးသူများ အခွင့်အရေးများနေ့နှင့်ပတ်သက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကျင်းပရာ  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)