မြင်းခြံ မတ် ၁၆
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ချောင်းဒေါင်း(မ) အခြေခံပညာမူလတန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်နန္ဒာလွင်က "သဘာဝဘေးအန္တရာယ်များအကြောင်း၊ မြန်မာနိုင်ငံအတွင်း ငလျင်ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့်တည်ရှိမှုများ၊ ငလျင်ဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်ဆောင်ရန်ရှောင်ရန်များကို" ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား စာအုပ်များများဖတ်ကြဖို့အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးစန်းမိုးက ကျောင်းသား/ ကျောင်းသူများ စာသင်ကြားနေစဉ်အတွင်း ငလျင်ဘေးကျရောက်လာပါက လုပ်ဆောင်ရမည့်အရာများကို ကျောင်းသား/ကျောင်းသူများနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ဟောပြောပွဲသို့ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စောညွှန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ကျော်စွာ(မြင်းခြံ)