ဂွ မတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး မြို့နယ်အဆင့် ဖွဲ့စည်းဆောင်ရွက်သွားနိုင်ရေး၊ (၂၆)ကြိမ်မြောက် အစိုရပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ မဟာသင်္ကြန်ပွဲ တော် ကျင်းပနိုင်ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းလုပ်ငန်းများတွင် မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် တင်ပြဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်အောင်က သင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲတော်ကျင်းပမည့် ရပ်ကွက်/ကျေးရွာများအနေဖြင့် လုံခြုံရေး အထူးသတိပြုစေလိုကြောင်းနှင့်သင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်ချလုံခြုံရေးအတွက်လုံခြုံရေးအစီအမံများချမှတ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြပေးစေလိုကြောင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ထွန်းက ဂွမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သဖြင့် သင့်လျော်သည့်ရက်၊ သင့်လျော်သည့် နေရာများတွင်ဆိုင်ကယ်ဦးထုပ်ဆောင်းထားခြင်းရှိ/မရှိ၊ ဆိုင်ကယ်တွင်လူဦးရေနှစ်ဦးထက်ပိုပြီး တင်ဆောင်ထားခြင်းရှိ/မရှိ၊ ဆိုင်ကယ်နံပါတ်ပြားတပ်ဆင်ထားမှုရှိ/မရှိစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိလျှင် တရားရုံးတွင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ရာ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသိပေး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ကျေးရွာများမှဆောင်ရွက်ချက်တင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်