တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်

တိုက်ကြီး     မတ်     ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများကျွမ်းကျင်စွာတတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်တတ်မြောက်စွာ အသုံးပြုတတ်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းအခမဲ့ဖွင့်လှစ်ခြင်းကို တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ထိုသို့ နွေရာသီအခမဲ့သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအား အခြေခံအင်္ဂလိပ်စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများ၊ ကွန်ပျူတာအခြေခံကျွမ်းကျင်တတ်မြောက်စေရန်အတွက်  ဆရာဉီးတင့်နိုင်ကျော်နှင့်  ဉီးအောင်ခန့်ဇော်တို့က စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ အင်္ဂလိပ်စာနှင့်ကွန်ပျူတာနွေရာသီအခမဲ့သင်တန်းများကို တိုက်ကြီးမြို့နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်းအဆင့်  ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဉီးတို့အား ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ဧပြီ လ ၁ ရက်နေ့အထိ အုပ်စု (၄) အုပ်စုခွဲ၍ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)