သထုံ မတ် ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာမြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင် အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များတို့က စာရေးဆရာဖေမြင့် ရေးသားသည့် “စဉ်းစားခြင်း” စာအုပ်ကိုအခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့နှစ်သက်ရာများကို အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)