လမ်းမတော် အောက်တိုဘာ ၁
လမ်းမတော်မြို့နယ် UMFCCI တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အထောက်အကူပြုကော်မတီ ပထမ အကြိမ်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အသင်းချုပ်တာဝန်ရှိသူ များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အထောက် အကူပြုကော်မတီ၏ (Term of Reference) ရေးဆွဲရေး၊ အထောက်အကူပြုကော်မတီကို ပုံမှန်ကျင်းပနိုင်ရေးနှင့် လုပ်ငန်းစဉ်များ နှောင့်နှေး ကြန့်ကြာမှုမရှိစေရေးအတွက် လုပ်ငန်း စဉ်အဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်းများ လျော့ချနိုင်ရေး၊ ကုန်စည်စီးဆင်းမှု ရပ်တန့်မှုမရှိ စေရေးအတွက် ကုန်တင်ကားများအတွက် ဖြေလျော့မှုရရှိရေး၊ ကုန်စည်စီးဆင်းမှု အဟန့်အတားကို ဖြေရှင်းပေးနိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ရေး၊ တက်ရောက်လာသူ များမှ ဆန်၊ ဆီနှင့် အခြား စားသောက်ကုန် များ၏ လည်ပတ်စီးဆင်းနေမှု အခြေအနေများ တင်ပြခဲ့သည်။
အစည်းအဝေးကို အသင်းချုပ်ဖက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှု ဆောင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ကုန်စည်ဒိုင်ဥက္ကဋ္ဌများ၊ ညီနောင်အသင်းများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် (လမ်းမတော် ပြန်/ဆက်)