ဆီဆိုင် မတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီဘောလုံးအားကစား သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းက ဒေသခံလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန်တွင် အကျိုးရှိစွာအသုံးချတတ်စေရန်၊ အားကစားစိတ်ဓာတ် ပိုမိုမြင့်မားလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်သန်စွမ်းပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်၊ နွေရာသီအားကစားသင်တန်းမှတဆင့် အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများ ဖော်ထုတ်လေ့ကျင့်ပေးခြင်းဖြင့် ထူးချွန်ထက်မြက်သည့် အားကစား သမားများပေါ်ထွန်းလာစေရန်၊ စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီအားကစား သင်တန်းများကို သင်တန်းဆင်းပွဲ အထိလေ့ကျင့်သင်ကြားပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးနှင့် သင်တန်းနည်းပြတို့က သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၂၄)ဦးအား မြို့နယ်အားကစားကွင်းနှင့် ကျေးရွာအားကစားကွင်းများတွင် ဖေဖော်ဝါရီလ ၂၀ ရက်မှ မတ်လ ၁၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးဇော်ထွန်းထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)