ပုဗ္ဗသီရိမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေး အထူးရဲသင်တန်း ဖွင့်လှစ်သင်ကြား

ပုဗ္ဗသီရိ အောက်တိုဘာ 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲရုံလုံခြုရေးအထူးရဲ ခန့်အပ်တာဝန် ချထားပေးနိုင်ရန်အတွက် "အထူးရဲသင်တန်း" ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက အဖွင့်အမှာစကားပြောကြားရာတွင် "အထူးရဲတပ်ဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ၄၅ ရက်ကြာ ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ခန့်အပ်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အမြဲတမ်းခန့်အပ်ခြင်းခံရတဲ့ သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနေစဉ် ကာလအတွင်းမဲရုံလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံရေးကို ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း" ပြောကြားခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို မြို့နယ်အတွင်းရှိ ပြည်သူ ၇၉ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် စစ်ရေးပြ(လက်နက်မဲ့) ရဲကျင့်ဝတ်ဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေဘာသာရပ် အစရှိသည့်ဘာသာရပ် ၁၃ ခုကို အောက်တိုဘာ ရက်နေ့မှ ၂၈ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အထွေထွေ ရွေးကောက်ပွဲပြီးစီးသွားပါက သတ်မှတ်ချက်နှင့်ကိုက်ညီသူများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ကြောင်း မြို့နယ်ရဲ့တပ်ဖွဲ့မှူးရုံးမှသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၈ အုပ်စုမှ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအရ ၉၃၄၀၀ ဦးရှိပြီး မဲရုံပေါင်း ၇၉ ရုံလျာထားဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)