ရန်ကင်းမြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာ(အခမဲ့) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကင်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းကို  ယနေ့နံနက် ၉:၃၀ နာရီက ရန်ကင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်အိရွှေစင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာစိုးမြင့်ဒွဏ်း(အာယုဗ္ဗေဒ)က အနာဂတ်အတွက် တန်ဖိုး ထားရမည့် မျိုးဆက်သစ်လူငယ်၊ ကျောင်းသား/သူများသည် အမိနိုင်ငံအတွက် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်ပါက နိုင်ငံတကာအလယ်တွင် ဂုဏ်ယူနိုင်မည်ဖြစ်ကြောင်း ဆုံးမစကား ချီးမြှင့်ခဲ့သည်။

ထို့နောက် အခြေခံအင်္ဂလိပ်စာသင်တန်း နည်းပြဦးသန်းဌေးဇော်မှ အင်္ဂလိပ်စာသင်တန်းကို ၁၅.၃.၂၀၂၃ ရက်နေ့မှ ၂၄.၃.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး Basic English Course သင်တန်းသို့ စာ​ရေးဆရာစိုးမြင့်ဒွဏ်း(အာယု​ဗ္ဗေဒ)၊ စာရေးဆရာမ မြမဥ္ဇူဝေ(ကျုံမငေး)၊ စာရေးဆရာမမေမြတ်စန္ဒာနှင့် စာရေးဆရာများ၊ ကျောင်းသား/သူ(၂၁)ဦး တက်ရောက်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အအေးဘူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)