မိုင်းခုတ် မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)