ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ညောင်ဦး မတ် ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း၊ မိုးရွာသွန်းမှုများခြင်းကြောင့် ပျက်စီးခြင်းများကို ပြန်လည်ပြုပြင်ထိန်း သိမ်းလျှက်ရှိရာ ဘုရားအမှတ်(၅၈၈) အဇ္ဈဂေါဏဘုရားတွင် သစ်ငုတ်များတူးဖော်ခြင်း၊ အုတ်စားဖြည့်စီခြင်း၊ အနားသတ်ကြားသိပ်ခြင်းဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဘုရားအမှတ်(၆၅၈)တွင် မိုးရွာသွန်းမှုကြောင့် အမိုးပေါင်းမှမိုးရေစိမ့်ဝင်ခြင်း ကာကွယ်ဆောင်ရွက်ခြင်း၊ ဘုရားအမှတ် (၅၃၇)တွင် သဲခဲများဖယ်ရှားခြင်း၊ အုတ်စားဖြည့်စီခြင်း၊ အနားသတ်ကြားသိပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဘုရားအမှတ်(၄၄၉)တွင် နံရံပန်းချီနှင့် အင်္ဂတေသန့်စင်ခြင်း၊ ကြံ့ခိုင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဘု ရားအမှတ်(၇၉၈) ပြဿငယ်ဘုရားတွင် သဲများရှင်းလင်းခြင်း၊ အုတ်စားဖြည့်စီခြင်း၊ ရေပိတ်လွှာခင်းခြင်း၊ အနားသတ်ကြားသိပ်ခြင်း၊ ဘုရားအမှတ်(၈၀၁)သံပျင်စွာဘုရားတွင် တောင်ဘက်တိုက် နံရံပြိုကျခဲ့သည့်နေရာအား ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည့် အဆောက်အအုံများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံရုံးခွဲ)မှ ဦးညီမွန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အင်ဂျင်နီယာတို့မှ မဆောင်ရွက်မီမှတ်တမ်းဓာတ်ပုံများ၊ ဆောင်ရွက်ဆဲမှတ်တမ်းပုံများ၊ ဆောင်ရွက်ပြီး မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း