စဉ့်ကူးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စဉ့်ကူး    မတ်   ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် “လမ်းမှန်ကမ်းမှန် အောင်စိတ်သန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင် က စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်များဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းပြုလုပ်၍ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ခြင်းဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် “လမ်းမှန်ကမ်းမှန် အောင်စိတ်သန် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက “လမ်းမှန်ကမ်းမှန် အောင်စိတ်သန်” စာအုပ်တွင်ပါရှိသော “အောင်မြင်မှုသည် ချက်ချင်းရနိုင်သည် လော” ခေါင်းစဉ်မှ အောင်မြင်မှုသည် လူသားတိုင်း၏ ကြီးမားမြင့်မြတ်သော လိုအင်ဆန္ဒဖြစ်ကြောင်း၊ အောင်မြင်မှုရရန် လူသားတို့သည် နည်းလမ်းအမျိုးမျိုးကို အစဉ်မပြတ်ရှာ မှီးနေကြရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုကို ချွေးသွေးမထုတ်ဘဲ အနစ်နာမခံဘဲ မရနိုင်ကြောင်း၊ “အောင်လိုသူအတွက် စည်းကမ်း” ခေါင်းစဉ်မှ အောင်လိုသူမှန်သမျှ နည်းလမ်းသည် အရေးကြီးသကဲ့သို့ စည်းကမ်းသည်လည်း အရေးကြီး ကြောင်း၊ အောင်မြင်ခြင်း အကြောင်းတရားများမှာ ဇွဲ၊ ပညာ၊ စည်းကမ်း၊ သမ္ဘာ၊ လေ့လာဆည်းပူးမှု၊ ကြိုးစားအားထုတ်မှုနှင့် ပတ်ဝန်းကျင်ကောင်းတို့ဖြစ်ကြောင်း စသည့်အချက်များမှ ဗဟုသုတရဖွယ် သိမှတ်ဖွယ်ရာများ၊ မိမိတို့၏ အမြင်များကို ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြ​သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်လက်ပေါ့ပါး ပျော်ရွှင်စေရန်၊ အစုအဖွဲ့ အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)