ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကလော မတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအကြောင်းအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးရာတွင် ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် ဒို့ကျေးရွာဂျာနယ်အတွဲ(၂၀)၊ အမှတ်(၄)ထုတ်ဒို့ကျေး ရွာဂျာနယ်အယ်ဒီတာ့အာဘော်၏ အရည်အချင်းပြည့်လူငယ်များ ပေါ်ထွန်းလာရေး ဝိုင်းဝန်းပျိုးထောင်ကြရမည် ခေါင်းစဉ်ပါအကြောင်း အရာများအသိပညာပေးဆွေးနွေးခဲ့ရာ စာကြည့်တိုက်လက်ထောက် (၃)ဒေါ်ယဉ်ယဉ်ထွေးက ယနေ့လူငယ်များသည် နောင်အနာဂတ်တွင် လင်းလက်တောက်ပလာမည့် ကြယ်ပွင့်များဖြစ်ကြသည်။ ယနေ့ လူငယ်နောင်ဝယ်လူကြီးဆိုသကဲ့သို့ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏ အကျိုးနှင့် လူမျိုး၏အကျိုးအတွက် သယ်ပိုးဖော်ဆောင်ပေးကြရမည့်သူများဖြစ်သည်။ သို့ပါ၍ ပညာရဲရင့် ပွဲလယ်တင့်သော လူငယ်များဖြစ်လာစေရန်၊ စာပေဗဟုသုတ၊ အသိဉာဏ်မြင့်မားတိုးတက်သောသူများဖြစ်လာစေရန်နှင့် နိုင်ငံတော်၏အင်အားများ ဖြစ်လာစေရန် ဝိုင်းဝန်းပြုစုပျိုးထောင်ကြရန်လိုပါသည်။ လူငယ်များအနေဖြင့်လည်း သညာအဆင့်မှ ပညာအဆင့်သို့ တက်လှမ်းနိုင်ရန်ပညာ၊ နည်းပညာများမြင့်မားစေရေး ကြိုးပမ်းကြရမည်။ ယနေ့လူငယ်လူရွယ်များအား နိုင်ငံနှင့်လူမျိုးကိုချစ်သည့် အခြေခံစိတ်ကောင်းများရှိစေရန် လေ့ကျင့်ပျိုးထောင်တည်ဆောက်ပေးကြရမည်။ ကျောင်းသားလူငယ်များအနေဖြင့် ပညာသင်ကြားရာတွင် အထောက်အကူပြုနိုင်၍ ဗဟုသုတမြင့်မားပြီး ယုံကြည်ချက်၊ ခံယူချက်များ ခိုင်မာမှန်ကန်စေရန်အတွက် စာများများဖတ်ကြရန် လိုအပ်ကြောင်းစာဖတ်ခြင်းသည် စိတ်နှလုံးကိုနူးညံ့စေ၍ ဦးနှောက်အသိတရားများကိုတိုးပွားစေသည်။ စာဖတ်များခြင်းဖြင့် အသိဉာဏ်ဗဟုသုတတိုးပွားခြင်း၊ အမြင်ကျယ်စေခြင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခြင်း တွေးခေါ်ဆင်ခြင်ဆုံးဖြတ်နိုင်ခြင်းစသည့် အကျိုးတရားကောင်းများနှင့် ကိုယ်ပိုင်လေ့လာသင်ယူခြင်းပင်ဖြစ်သည်။ စာများများဖတ်နိုင်စေရန်၊ ပညာရစေရန် စာကြည့်တိုက်သို့ လာရောက်စာဖတ်ကြစေလိုကြောင်း ဖတ်ကြားဆွေးနွေးခဲ့ရာဆွေးနွေးချက်များအပေါ် ရုပ်သံကျွမ်းကျင်(၃)ဒေါ်စိန်ခြူးက လူငယ်လူရွယ်များအနေဖြင့် ဘဝအောင်မြင်တိုးတက်စေရေးအတွက် စာဖတ်ကြရမည်။ ငယ်ရွယ်သည့်အချိန်မှစ၍ အသက်ထက်ဆုံး စာဖတ်ကြရမည်ဖြစ်ပြီး စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်ခြင်း၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်း၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်ခိုင်မာခြင်း စသည့်အရည်အချင်းများ ပြည့်စုံစေရန် တည်ဆောက်ထားရမည်။ စာဖတ်ခြင်းဖြင့် အရည်အချင်းရှိ၍ စွမ်းအားပြည့်ဝသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာကြမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)