၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ်၊ မဟာ သင်္ကြန်ပွဲတော် ကျင်းပရေးဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဆိုင်ရာ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်းက ဖျော်ဖြေရေး လုပ်ငန်း ကော်မတီကို မဟာသင်္ကြန်ကျင်းပရေးဗဟိုကော်မတီက  ယခုအစည်းအဝေးသို့ တက်ရောက် လာကြသည့်ဌာန များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်ပါကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆွေးနွေး ပြောကြားခဲ့ပြီး ဖျော်ဖြေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ဖျော်ဖြေရေး ကော်မတီဖြစ်သည့်အတွက် ဖွင့်ပွဲ၊ ပိတ်ပွဲ ဆောင်ရွက်မည့် အစီအစဉ်များ၊ ကြားရက်တွင်ဖျော်ဖြေမည့် အစီအစဉ် များကို ကြိုတင်ရေးဆွဲနိုင်ရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့များ ထွက်ပေးကြရန်နှင့် အဆိုပါ ယိမ်းအဖွဲ့များအား ဝတ်စုံစရိတ်များ ထောက်ပံ့‌ပေးမည်ဖြစ်ပါကြောင်း၊ သင်္ကြန် ကာလများဖြစ်သည့် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များတွင် တစ်ရက်လျှင် အခမ်းအနားမှူး (၂)ဦးဖြင့် (၄)ရက်တွင် အခမ်းအနားမှူး (၈)ဦးဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း အခမ်းအနားမှူးများကိုလည်း ဝတ်စုံ စရိတ်ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ သင်္ကြန်အကြိုနေ့ဖွင့်ပွဲနှင့် သင်္ကြန်အတက်နေ့ ပိတ်ပွဲများတွင် ဖျော်ဖြေမည့် သင်္ကြန်သီချင်းများကိုလည်း ရွေးချယ်ပေးစေလိုကြောင်းနှင့် ယိမ်းအဖွဲ့ဦးရေ စာရင်း၊ ယိမ်းအဖွဲ့ အမည်၊ တင်ဆက်မည့် သီချင်းနှင့် အဆိုရှင်များ၏ အမည်စာရင်းများကို မတ်လ (၂၀)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာများက ငှားရမ်းရမည့် စက်ပစ္စည်းများ၏ တန်ဖိုးများ၊ ဖွင့်ပွဲတွင် အသုံးပြုမည့် ဖဲကြိုး၊ ဗန်းကိုင်များ စီစဉ်ထားမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်