မောက်မယ် အောက်တိုဘာ ၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များသည် အခြေခံမဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာခြင်းကို ယနေ့ နံနက် ၈ နာရီက ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံမဲ ဆန္ဒရှင် အမည်စာရင်းအား ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ပြီး မောက်မယ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၂၁၀၄ )ဦးရှိကာ မဲဆန္ဒနယ်အမှတ်(၁)တွင် မဲရုံ (၁၉)ရုံ ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ (၁၃)ရုံ စုစုပေါင်းမဲရုံ (၃၂) ရုံထားရှိမည်ဖြစ်သည်။ အဆိုပါ အခြေခံမဲဆန္ဒရှင်အမည်စာရင်းအား နောက်ဆုံးအကြိမ် အဖြစ်ကပ်ထား ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)