မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်

မိုင်းတုံ အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ် နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့အဝင်ဂိတ်များဖြစ်သည့် တောင်ကြီးမြို့ဘက်မှအဝင်ဂိတ်၊ မိုင်းဆတ်မြို့ဘက်မှအဝင် နောင်ပါရင် ဂိတ်နှင့်ပုံပါကျင်မြို့ဘက်မှအဝင် ဟောင်လီဂိတ်တို့မှ ယမန်နေ့က ဖြတ်သန်းသွားလာသော မော်တော်ယာဉ် (၅၁)စီးမှ ခရီးသည်(၁၀၃)ဦးတို့အား Non-contact Infrared Thermometer စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက်များ ပါရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ခရီးသွားလာရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ ဝန်ထမ်းများ ပါဝင်သောအဖွဲ့တို့က နေ့စဉ်နံနက် (၆)နာရီမှ ည(၉)နာရီအထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ထွေး (ပြန်/ဆက်)