နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော် ပလတ်ပစတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (အပြီးသတ်မူကြမ်း)အား အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၁၅

နေပြည်တော် ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်(အပြီးသတ်မူကြမ်း)အား အတည်ပြုနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအနေဖြင့် ပြည်သူလူထု ပူးပေါင်းလာစေရန် အသိပညာပေးခြင်း၊ သန့်ရှင်းသပ်ရပ်သော စံပြကျေးရွာများ တည်ထောင်မှုတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green School)များ ဖြစ်ပေါ်လာစေရေးအတွက် စာသင်ကျောင်းများနှင့် ပြည်သူလူထုအသိပညာပေးခြင်းများကို အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်အရည်အသွေးနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှုမရှိစေရန် စနစ်တကျထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မရှိစေရေးအတွက် ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာ၊ နှစ်တို/နှစ်ရှည် လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းတာဝန် တစ်ရပ်အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်ခင်ဆွေက နေပြည်တော် ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်(မူကြမ်း)နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် အဖွဲ့ဝင်များက ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်ချက်များကို  ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

တစ်ခါသုံးပလတ်စတစ်ပစ္စည်း သုံးစွဲမှုလျော့ကျရေး၊ ကင်းစင်ရေးနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအဆင့် လမ်းညွှန်ချက်တစ်ရပ် ထုတ်ပြန်ရန်နှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ် ပြန်လည်ပြုပြင်သုံးစွဲသည့် (Recycle) လုပ်ငန်းများ ပိုမိုတွင်ကျယ် အားကောင်းလာစေခြင်းဖြင့် ပတ်လည်စီးပွားရေးစနစ် (Circular Economy)ကို အထောက်အကူပြုနိုင်ရန်၊ ကုန်းမြေအခြေပြု ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ဂေဟစနစ်အပေါ်ထိခိုက်မှုများအား ကာကွယ်နိုင်ရန် ပုဂ္ဂလိကကဏ္ဍအား တစ်ခါသုံး ပလတ်စတစ် အစားအသောက်ထုပ်ပိုးပစ္စည်းအစားထိုး သဘာဝအခြေခံအပင်ထွက်ပစ္စည်းများ အသုံးပြုထုတ်လုပ်သည့် လုပ်ငန်းများကို အားပေးမြှင့်တင်စေရန်ရည်ရွယ်၍  နေပြည်တော် ပလတ်စတစ်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်အား ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)