ဗန်းမော်မြို့နယ်တွင် ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားပါကြောင်း၊ အစည်းအဝေးကို ၃ လ တစ်ကြိမ် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယခုဘဏ္ဍာရေးနှစ်ကုန်ခါနီးမှ ခေါ်ယူဆောင်ရွက်နိုင်ခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်ကုန်ခါနီးပြီဖြစ်ပါ၍ သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဗန်းမော်ခရိုင်၏ ဒေသဆိုင်ရာအချက် အလက်များ၊ မြေအသုံးချမှုအခြေအနေများ၊ အဓိကသီးနှံ (၁၀) မျိုးစိုက်ပျိုးထုတ်လုပ်နိုင်မှုူ အခြေအနေများ၊ လူတစ်ဦးချင်းဝင်ငွေများ၊ ဗန်းမော်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် ဧပြီလမှ ဇန်နဝါရီကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ဗန်းမော်ခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တည်ဆောက်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာများမှ တာဝန်ခံများက ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က မကြာမီဘဏ္ဍာရေးနှစ် ကုန်တော့မည်ဖြစ်ပါ၍ ဗန်းမော်ခရိုင်အတွင်းဌာနများမှ တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများ မတ် ၃၁ ရက်နေ့တွင် ၁၀၀%ပြီးစီးရေး အဓိကထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)