ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လောက်ကိုင်  မတ် ၁၅

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မတ်လ(၁၄) ရက်နေ့နံနက်ပိုင်းအချိန်က လောက်ကိုင်မြို့၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဦးခင်မောင်လွင်က အစည်းအဝေးပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ဒေသအတွင်း လျှောက်ထားလာသည့် မော်တော်ယာဉ်လိုင်းများအား စိစစ်ဆောင်ရွက်နိုင်ရေး၊ မြို့သန့်ရှင်း သာယာလှပရေး၊ နေရပ်ပြန် မြန်မာနိုင်ငံသားများအား စိစစ်လက်ခံနိုင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပေါင်းစပ်ညှိနှိုင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဒေသအဆင့်ဌာနဆိုင်ရာများက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများနှင့် ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်မည့် အစီ အမံများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းရန်နိုင်ဦးက မြို့သန့်ရှင်းသာယာလှပရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် စည်ပင်သာယာရေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က  ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။  

စည်သူမောင်မောင်(ပြန်/ဆက်)