ပူတာအိုခရိုင် ရေခဲတောင်နှင့် အနီးပတ်ဝန်းကျင်တွင် ကျက်စားနေသည့် သားမင်းမျိုးစိတ်များ မျိုးသုဉ်းမှု မဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်

ပူတာအို မတ် ၁၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်နှင့် အနီးပတ်ဝန်းကျင်တွင် ကျက်စားနေသည့် သားမင်း မျိုးစိတ်များ မျိုးသုဉ်းမှုမဖြစ်ပေါ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း သိရသည်။

ယင်းသားမင်းများသည် ပုံမှန်အားဖြင့် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ တစ်သောင်းကျော်နှင့် အနီးပတ်ဝန်း ကျင်တွင် ကျက်စားလျက်ရှိပြီး ဆောင်းရာသီကာလ ရေခဲကျချိန်၊ အေးမြသည့်အချိန်တွင် ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၅၀၀၀ နှင့် ၂၅၀၀ အထိဆင်းကာ ကျက်စားတတ်ကြောင်း သိရသည်။

ဒေသခံများသည် သားမင်းဦးချိုကို အိမ်တွင်ချိတ်ဆွဲထားပါက မီးမလောင်ကြောင်း၊ ရေစိမ်ထားပါက မိုးရွာ ကြောင်း အယူအဆရှိကြသည်။ သားမင်းများသည် နှစ်ကောင်၊ သုံးကောင်၊ လေးငါးကောင်အုပ်စုဖွဲ့ကာ ကျက်စားတတ်ကြပြီး မြန်မာနိုင်ငံတွင် အများဆုံးအကောင် ၂၀ ခန့် အုပ်စုဖွဲ့ကျက်စားသည်ကို တွေ့ရှိရသည်။

မိုးတွင်းကာလ ရေခဲပျော်ချိန် တစ်ဖက်နိုင်ငံမှ ရောက်လာသည့် သားမင်းအုပ်စုများသည် တစ်ခါတစ်ရံ ရာဂဏန်းခန့် ရောက်လာတတ်ကြသည်။ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်ဒေသတွင် သားမင်းများ လာရာလမ်းကြောင်းနှင့်ဆား ကျင်းများတွင် စောင့်ဆိုင်းပြီး အမြဲသတ်ဖြတ်ခံရခြင်းကြောင့် ရှားပါး၍ မျိုးသုဉ်း ပျောက်ကွယ် လုနီးပါးဖြစ်သော်လည်း တစ်ဖက်နိုင်ငံများမှ နှစ်စဉ် အနည်းနှင့် အများလာရောက်ကျက်စား မှုကြောင့် ခါကာဘိုရာဇီဒေသ လူအရောက်အပေါက်နည်းသော နေရာများတွင် သားမင်းများ အနည်းနှင့်အများ ကျန်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီရေခဲတောင်များတွင် ရေခဲစတင်ကျချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလ ဆားကျင်းသို့ ရေသောက်ဆင်းချိန်တွင် အသတ်ခံရများပြီး ၂၀၁၉-၂၀၂၀ ခုနှစ်ခန့်တွင် သားမင်း တစ်ကောင်ရရှိပါက သုံးသိန်းမှခြောက်သိန်းအထိ ဈေးရရှိခဲ့ကြောင်းသိ ရသည်။

အဆိုပါ သားမင်း၊ ပန်ဒါနီ၊ ရေခဲတောင်ဆိတ်၊ မိုနာရစ်၊ ဇာမဏီရစ်၊ လည်ပင်းနီအောက်ချင်းငှက်များသည် ပူတာအိုခရိုင် ခါကာဘိုရာဇီဒေသ၏ အထင်ကရ မျိုးစိတ်များဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် အလွန် အကျွံ အမဲလိုက်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း၊ ခရီးသွားများအနေဖြင့်လည်း သဘာဝကို ချစ်မြတ်နိုး တတ်ရင် ယခုလိုရှားပါးသည့် တိရိစ္ဆန်များ၏ အစိတ်အပိုင်းများ ဝယ်ယူခြင်းများကို ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း ခါကာဘိုအမျိုးသား ဉယျာဉ်တောအုပ် ဦးဘရန်ရှောင်ထံမှ သိရသည်။

ဖုန်ကန်(ပူတာအို)