တောင်ဥက္ကလာပ မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ခုနှစ် နွေရာသီအခြေခံ အားကစားနည်း ပြေး၊ ခုန်၊ ပစ် သင်တန်းအား မတ်လ(၁)ရက်နေ့မှ စတင်ဖွင့်လှစ်၍ မတ်လ(၃၁)ရက်နေ့အထိ နံနက်(၇:၀၀ မှ ၉:၀၀)နာရီအထိ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာ အားကစားကွင်း၌ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဥမ္မာဝင်းက နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပြေး၊ ခုန်၊ ပစ် အားကစားနည်းများ၏ အခြေခံ နည်းစနစ်များကို စနစ်တကျ လေ့လာသင်ယူနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံ့ဂုဏ်ဆောင်မည့် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနွေရာသီအခြေခံအားကစားနည်းသင်တန်းတွင် အရှေ့ပိုင်းခရိုင်၊ မြို့နယ်(၁၄)မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကာယဆရာမ(၁)ဦးစီနှင့် ကျောင်းသား/ သူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)