မိတ္ထီလာ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့နံနက် ၈ နာရီ ၃ဝမိနစ်အချိန်က ကျင်းပသည့်(၇၈)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သော မိတ္ထီလာမြို့ အရှေ့ပြင်ဈေးရပ်ကွက်ရေစက်ရုံ အမှတ်(၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက ရေစက်ရုံအမှတ်(၅)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် ရေစက်ရုံ အမှတ်(၅) အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီးသန်းနိုင်စိုး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးသိန်းဌေးနှင့် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးရွှေစင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများထံသို့ ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင် ကလပ်များကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပေးအပ်သည်။ ထိုနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး ရေစက်ရုံအမှတ်(၅)အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှု့စစ်ဆေးသည်။ အဆိုပါ ရေစက်ရုံ အမှတ်(၅)ကို မိတ္ထီလာမြို့ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် ၁၇၂.၆၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရေစက်ရုံမှ မြို့ပေါ်ရပ်ကွက်များဖြစ်သော ဈေးအရှေ့ပြင်၊ ရန်မျိုးအောင်၊ သီရိမင်္ဂလာနှင့် အောင်ဇေယျာရပ်ကွက်များသို့ နေ့စဉ်ရေဂါလံ ၇၂ဝဝဝဝ ဂါလံကို ဖြန့်ဝေပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ