သပိတ်ကျင်းမြို့နယ် လူထုအ​​​ခြေပြုဗဟိုဌာနတွင် "စိတ်ကိုလှပအောင်ပြင်နည်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သပိတ်ကျင်း မတ်   ၁၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမခင်​စောတင့် ဘာသာပြန်ဆိုရေးသားထားသည့် "စိတ်ကိုလှပအောင်ပြင်နည်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများစာဖတ်ရှိန်မြှင့်တင်ပြီး စာပေဗဟုသုတများ တိုးပွားလာစေရန် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခြင်းဖြင့် စုပေါင်းဆောင်ရွက်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာပြီး အတွေးအခေါ်ကောင်းများ ရရှိလာစေရန်ရည်ရွယ်​ပြီး စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက စာရေးဆရာမ ဒေါ်ခင်စောတင့် ဘာသာပြန်ဆို ရေးသားသည့် "စိတ်ကိုလှပအောင်ပြင်နည်း" စာအုပ်မှ "သင်စိတ်လွှတ်လိုက်ပါ၊ ထို့နောက် သတိရှိပါ နားတွေကို ပိတ်ထားပြီး နားစိုက်ပါ" "သင်၏စိတ်ခံစားမှုများကိုစီးမျောစေလိုက်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ယဥ်နီလာအေး (လုပ်သားရုပ်သံ) က "သတိပါသော နားထောင်ခြင်း လေ့ကျင့်မှု" "ပထမအကြိမ် တရားအားထုတ်မည့်သူများအတွက် လွယ်ကူသော အဆင့်(၁၀)ချက်လမ်းညွှန်" ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးပွဲသို့တက်ရောက်လာသည့်ဝန်ထမ်းများမှ သိရှိလိုသည်များ မေးမြန်းခဲ့ပြီး ဆွေး​နွေးခဲ့မှုများအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသားကျောင်းသူများ၊ ဌာနဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး(Talk Show) များ လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show များကိုသပိတ်ကျင်းမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသည့် We Love Thabeikkyin Facebook page တွင်လွှင့် တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)