လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါန အခမဲ့ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

လားရှိုး မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က အဆိုပါဆေးရုံကြီးကျင်းပပြုလုပ်ခဲ့ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး လာရှိုးမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အာဟာရဒါန ကျွေးမွေးရေးအဖွဲ့တို့အတွက် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့သည်။

ထို့နောက် ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်