မိုင်းဆတ် မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် အဓိကထားလုပ်ကိုင်ကြပြီး ဆိုက်ခေါင်ကျေးရွာ၊ နမ့်ခုတ်ချောင်းဘေးတွင် ခရမ်းချဉ်သီး စိုက်ပျိုးရောင်းချသူများ ရောင်းအားကောင်း၍ မိသားစုအပိုဝင်ငွေ ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်ပျိုးထောင်ရာတွင် မြေကိုထွန်ယက်ပြီး ဘောင်များပြုလုပ်၍ နွားချေး၊ သစ်ရွက်ဆွေး မြေဩဇာများနှင့်ရောသမပြီး မျိုးစေ့များချကာ ပျိုးထောင်ရကြောင်း၊ ပျိုးပင်များ တစ်ထွာခန့်ရောက်ရှိချိန်တွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခန့်အကွာအဝေးထားကာ ပြန်လည်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ခရမ်းချဉ်ပင်များ ပိုးမကျစေရန် ပိုးသတ်ဆေးဖြန်းပေးရကြောင်းနှင့် ယခုအခါ ခရမ်းချဉ်သီးများ ခူးဆွတ် ရောင်းချနိုင်ပြီဖြစ်ရာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ရောင်းချရပြီး ဒေသထွက်ခရမ်းချဉ်သီး ဖြစ်သည့်အတွက် ဒေသခံများ ကြိုက်နှစ်သက်ပြီး ဝယ်ယူစားသုံးသူ များပြားခြင်းကြောင့် ရောင်းအားကောင်းကာ မိသားစုအပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးစိုင်းအေးထံမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)