သီပေါ မတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၁)နာရီက အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဖွင့်လှစ်သင်ကြားပေးသောပညာရပ်များကို မိမိအတွက် အကျိုးရှိအောင်ကြိုးစားလေ့လာသင်ယူကြရန် စသည်ဖြင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် မွန်းလွှဲ(၁)နာရီမှ မွန်းလွှဲ(၂)နာရီခွဲအထိ အခြေခံကွန်ပျူတာ သင်တန်းအားသင်ကြားပြီး မွန်းလွှဲ(၂)နာရီခွဲမှ မွန်းလွှဲ(၃)နာရီခွဲအထိ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဆက်လက်သင်ကြားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ မတ်လ(၁၄) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိ (၂၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်ဆက်)