ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်

 

ကျောက်မဲ မတ် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီ အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံပန်းချီ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အတန်းပညာတွင်သာမက ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ပန်းချီပညာကို စိတ်ပါဝင်စားစေရန်၊ တစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် လူထုအခြေပြဗဟိုဌာနတွင် အခြေခံပန်းချီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းချီဆရာမ ဒေါ်နှင်းစက်ငုဝါက ပန်းချီအခြေခံသဘောတရားများ၊ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ကျောက်မဲမြို့နယ်မှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၄၈ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၁၅ ရက်မှ ဧပြီ ၈ ရက်နေ့ထိ အခမဲ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)