ကွမ်းခြံကုန်း မတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ နတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်မှ (Youth Club) အဖွဲ့ဝင် ကိုအောင်ဝင်းနိုင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကိုထက်မြက်က မိတ်ဆွေကောင်းနှင့်ခရီးသွားပါ ခေါင်းစဥ်ပါအကြောင်းအရာများ၊ မအေးလှကဘဝကို ဆေးရောင်လှလှခြယ်သကြဖို့ ခေါင်းစဥ်ပါ အကြောင်းအရာများနှင့် မောင်ဟိန်းထက်အောင်က လူငယ်များကို ပျိုးထောင်းပေးပါ ခေါင်းစဥ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း(Talk Show)နှင့် စာဖတ်ဝိုင်းများကိုလည်း စဥ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ် (IPRD)