တပ်ကုန်း မတ် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာ၊ ရွှေဟင်္သာဘုန်းတော်ကြီးကျောင်းတွင် ဒုတိယအကြိမ်မြောက် နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ သင်တန်းကို ကျောင်းထိုင်ဆရာတော် ဦးစန္ဒာသီရိ ခွင့်ပြုပြီး ကင်းသားကျေးရွာအုပ်စု၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကျေးရွာအုပ်စု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးပိုတို့က ကြီးကြပ်၍ မတ် ၈ ရက် နံနက်ပိုင်းက အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
“ကျွန်မတို့ ကျေးရွာအုပ်စုအတွင်း ဘုန်းတော်ကြီးကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်းသင်ကြားပေးမယ်လို့ အသံကြားကထဲက ဆရာတော်ဘုရားနဲ့ စီစဉ်ဆောင်ရွက်ပေးတဲ့သူတွေကို ကျေးဇူးတင်နေပါတယ်၊ ကလေးတွေ က ကျောင်းပိတ်ရက်ဆိုတော့ ဖုန်းတွေကြည့်ပြီး အချိန်ကုန်နေကြတယ်၊ ယဉ်ကျေးမှုသင်တန်း တက်ရောက်ခွင့် ရလို့ ကလေးတွေက ကိုယ်အမူအရာယဉ်ကျေးမှု၊ နှုတ်အမူအရာယဉ်ကျေးမှုတွေ ပိုမိုရရှိလာပါတယ်” လို့ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်သည့် မောင်လပြည့်၏ မိခင်ဒေါ်ခိုင်ခိုင်ငြိမ်းက ပြောပြသည်။
အဆိုပါသင်တန်းကို ကင်းသာကျေးရွာနှင့် ၁ မိုင် ကျောက်ကွင်းမှ ကျောင်းသားကလေးငယ် စုစုပေါင်း ၁၈၀ ဦးထိ တက်ရောက်လာပြီး သင်တန်းကို မတ် ၈ ရက်မှ ၂၀ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းနည်းပြ ဆရာ/ဆရာမ စုစုပေါင်း ၁၆ ဦးဖြင့် အခြေခံဗုဒ္ဓ ဘာသာရပ်၊ ယဉ်ကျေးခြင်းဆိုင်ရာနှင့် သုံးဆယ်ရှစ်ဖြာမင်္ဂလာတော်များ သင်ကြားပေးကြောင်း သိရသည်။
တင်စိုးလွင်