မုံးကိုး မတ် ၁၅
မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း ၍ ယနေ့ နေ့လယ် (၂)နာရီအချိန်က စာရေးဆရာတတ်တိုး ရေးသားထုတ်ဝေသည့် “လောကနီတိ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင်မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကိုယ်စား) ဒေါ်လွေးအမ်ဆေး (ရုပ်သံကျွမ်ကျင်-၃) က လစဉ်စာဖတ်ဝိုင်းများ ပြုလုပ်ရာတွင် စာပေ ဝါသနာအချင်းချင်းမှ အသိပညာဗဟုသုတများ အပြန်အလှန် ဆွေးနွေးဖလှယ်စေခြင်း၊ လူငယ်လူရွယ် များမှ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု အကျင့်ကောင်းများ ရရှိစေရန်နှင့် စာအုပ်စာစောင်များအပေါ် စိတ်ပါဝင်စားမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာရေးဆရာ တတ်တိုး၏ ရေးသားထုတ်ဝေသည့် "လောကနီတိ" စာအုပ်တွင် “လူကောင်းတို့ကိုဆိုရာအခန်း” ခေါင်းစဥ်ပါ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းဝင်များက "ပညာရှိတို့ကို ဆိုရာအခန်း" ဖြင့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)