စစ်တွေ မတ် ၁၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာန၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖတို့အား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် ၂၀၂၃ နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးကြရန် မှာကြားသည်။ ယင်းနောက် အဆိုပါကျောင်းများရှိ တည်ဆောက်နေဆဲ စာသင်ဆောင်များ၏ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တူ စစ်တွေတက္က သိုလ်သို့ သွားရောက်၍ တက္ကသိုလ်တွင်ကျင်းပနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နေ့သင်တန်း စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် စစ်တွေတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး အတွက် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ စစ်တွေတက္ကသိုလ်၏ နေ့သင်တန်း စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူ (၆၃၈၄) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ (၇)အခြေခံပညာအထက်တန်းကျောင်းများ၊ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်း အခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) မကျဉ်းမြိုင်၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၊ အမှတ်(၄) အခြေခံပညာအလယ် တန်းကျောင်း (ရူပမြောက်)၊ အခြေခံပညာ မူလတန်းကျောင်း (ရူပမြောက်)၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင် း(လမ်းမတော်တောင်)၊ အခြေခံပညာအလယ်တန်းကျောင်း (ကျေးတော)နှင့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း(မင်းဂံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ်တွင် ခရိုင်(၇)ခု ၊မြို့နယ်(၁၇)မြို့ရှိ စာစစ်ဌာန (၅၆) ခုတွင် ရူပဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် (၁၂၃၇၃) ဦး စာရင်းပေးသွင်းကြပြီး ၁၀၈၂၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၇.၄၆ ရာခိုင်နှုန်း ဖြစ်သည်။
ယနေ့ ကျင်းပသည့် တက္ကသိုလ်၀င်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်အား မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန(၈၃၈)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၅)ခု၊ စာစစ်ဌာန စုစုပေါင်း (၈၄၃)ခုတို့၌ စာမေးပွဲ ဖြေဆိုရန် စုစုပေါင်း(၁၃၅၅၉၂)ဦး စာရင်းပေးသွင်းကြပြီး (၁၂၂၅၄၄)ဦး ၀င်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် (၉၀.၃၈)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)