အမ်း မတ် ၁၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ ယမန်နေ့ နေ့လယ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်မည့် နေရာ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ရန်ပုံငွေရရှိရေး၊ ရေရရှိရေး လုပ်ငန်းများ၊ သင်္ကြန်ယိမ်းအဖွဲ့များ ခေါ်ယူနိုင်ရေး၊ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဥ်များအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဖျော်ဖြေရေး အစီအစဥ်များ၊ လုံခြုံရေးကဏ္ဍများကို ဆွေးနွေးပြောကြား ခဲ့သည်။
ဆက်လက်၍ ခရိုင်/စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယခင်နှစ်မဟာသင်္ကြန်ပွဲတော် ဆောင်ရွက်ခဲ့မှု အတွေ့အကြုံများနှင့် ယခုနှစ်ဆောင်ရွက်မည့် အစီအစဥ်များကို ဆွေးနွေးတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)