မန္တလေး ပဲဈေးကွက်တွင် အွန်လိုင်းစနစ်ဖြင့် အရောင်းဝယ်ပြုလုပ်

မန္တလေး အောက်တိုဘာလ ၁

မန္တလေးကုန်စည်ဒိုင်ကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရာ လက်ရှိမန္တလေး ပဲဈေးကွက်ကို အွန်လိုင်းစနစ်ဖြင့် အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

" မန္တလေးမြို့အနေအထားနဲ့ ပြောရရင်တော့ စက်တင်ဘာလ ၂၁ ရက်နေ့ကတည်းက မန္တလေး ကုန်စည်ဒိုင်ကလည်း ပိတ်တယ်။ ပိတ်တဲ့အပြင် အခုရက်ပိုင်းမှာ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နဲ့ အမရပူရမြို့နယ်တွေမှာ Stay At Home အနေနဲ့ သတ်မှတ်လိုက်တဲ့အခါမှာ အရောင်းဝယ်တွေက တုန့်ဆိုင်းသွားတယ်။ အရောင်းဝယ်သမားတွေကလည်း ပြေလည်တဲ့နည်းကြံဆလိုက်တဲ့အခါမှာ အွန်လိုင်းက နေ စတင်ရောင်းဝယ်မှုတွေဖြစ်လာတဲ့အတွက် မတ်ပဲမှအစ အခြားသီးနှံတွေလည်း ပြန်လည်ပြီးတော့ ၆၀၊ ၇၀ရာခိုင်နှုန်းလောက်ပြန်လည်ပြီးသက်ဝင်လှုပ်ရှားလာပါတယ်။ အခုလို အွန်လိုင်းစနစ်နဲ့ရောင်းသူနဲ့ဝယ်သူ အချင်းချင်းအပြန်အလှန်ဆက်သွယ်ပြီးတော့ ရောင်းကြဝယ်ကြလို့ အထိုက်အလျောက်တော့ အဆင်ပြေမှု ရှိပါတယ်။ " ဟု စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

Online မှ ပဲမျိုးစုံကို အရောင်းအဝယ်ပြုလုပ်ခြင်းသည် မျက်နှာချင်းဆိုင် အရောင်းဝယ်ပြုလုပ်ရသကဲ့သို့ အားရမှုမရှိသော်လည်း လူချင်းတွေ့ဆုံခြင်း မပြုလုပ်ရသောကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်သည့်အတွက် အထိုက်အလျောက်အဆင်ပြေကြောင်း၊ Online စနစ်ရောင်းဝယ်မှုဆိုသည်မှာ မန္တလေးကုန်စည်ဒိုင်အသင်းသားများပါဝင်သော Viber Groupဖြစ်ပြီး ထိုGroupမှ ပစ္စည်းနမူနာပြခြင်း၊ ဈေးညှိနှိုင်းခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ကြကြောင်း သိရသည်။

ထိပ်ထားနိုင်