မိုင်းဆတ် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ယနေ့နံနက်ပိုင်းက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း၊ ဆန္ဒမဲ စာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းများကို လျှောက်ထားလာသူများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါနယ်သိန်းထံမှ သိရသည်။
အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် စာရင်းများ လာရောက်ကြည့်ရှုရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုတစ်စုလျှင် တစ်ဦးလာရောက်ကြည့်ရှုကြရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အသိပေး နှိုးဆော်ထားကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင် သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)