မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံများတွင် ကူညီတာဝန်ထမ်းဆောင်မည့် ဆရာ ဆရာမ သုံးသောင်း ငါးထောင်ကျော်လျာထား

မန္တလေး အောက်တိုဘာလ ၁

မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံများတွင် ကူညီတာဝန်ထမ်းဆောင်ပေးကြမည့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ဆရာမ ၃၅၅၄၀ဦး လျာထားပြီး  တိုင်းရွေးကောက်ပွဲကော်မရှင်က Training ပေးသွားရန် စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှသိရသည်။

“မဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမတွေကို Training ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကအစီအစဉ်တစ်ခု ဆုံးဖြတ်သွားမှာပါ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေအတိုင်းဆောင်ရွက်မှာပါ၊ မြို့နယ်တွေမှာရှိတဲ့ ဆရာဆရာမတွေထဲက ကော်မရှင်ကနေ ညှိနှိုင်း ဆောင်ရွက်မှုနဲ့ လိုအပ်သလောက်တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ပါတယ်၊ အသက်ကြီးတဲ့အပိုင်း ကျန်းမာရေးချူချာတဲ့သူတွေကို ကင်းလွတ်ခွင့်ပေးပါတယ်၊ ကော်မရှင်က သတ်မှတ်ထားတဲ့ မဲရုံတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ လိုအပ်သလောက်ကူညီပေးပါတယ်၊ ကော်မရှင်ကတောင်းတဲ့ တာဝန် ထမ်းဆောင်နိုင် မယ့် လိုအပ်တဲ့ ဆရာဆရာမတွေကို ရွေးချယ်ပေးတာပဲရှိပါသေးတယ်”ဟု မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံများတွင် ကူညီတာဝန်ထမ်းဆောင်ပေးမည့် မဲရုံဝန်ထမ်း ဆရာဆရာမ ၃၅၅၄၀ဦးတွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစိစစ်သူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မဲရုံတွင် အခြားကိစ္စများ၌ ပါဝင်ကူညီဆောင်ရွက်ပေးမည့်သူများပါဝင်ရာ မဲရုံမှူး ၅၄၄၁ဦး ၊ ဒုမဲရုံမှူး ၅၄၃၉ဦး၊ မဲစာရင်းစိစစ်သူ ၂၂၉၅၃ဦး လျာထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံဖွင့်လှစ်ရန် တင်ပြ ထားသည့် ကျောင်းပေါင်း ၃၆၉၁ ကျောင်းလျာထားကြောင်းသိရသည်။

 “မဲရုံတည်ရှိရာမှာရှိတဲ့ တာဝန်ရှိတဲ့ဆရာမတွေပါ၊ ဒါပေမယ့် ကိုဗစ်ကာလမှာ တခြားမိဘရပ်ထံ တခြားတိုင်းနဲ့ပြည်နယ်မြို့နယ်တွေမှာ ရောက်နေရင်တော့ ပြန်မခေါ်ပါဘူး၊  ရှိတဲ့ ဆရာ၊ဆရာမနဲ့ပဲ လုံလောက်အောင်စီစဉ်သွားဖို့ရှိပါတယ်၊  အကယ်၍ မြို့နယ်တွေထဲမှာ တခြားတိုင်းနဲ့ ပြည်နယ်တွေက ကိုဗစ်ကြောင့် ရောက်နေတယ်ဆိုရင်လည်းထည့်ပေးသွားဖို့ရှိပါတယ်၊ ရွေးကောက်ပွဲမှာ တာဝန်ကျ ဆရာဆရာမတွေကတော့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတအသိရှိနေကြပြီ၊ ကူးစက် ပြန့်ပွားမှုမရှိအောင် ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ အစီအမံတွေလုပ်ထားမှာပါ”ဟု ဆက်လက် ပြောသည်။

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင် လေးဆယ့်ငါးသိန်းခုနစ်သောင်းရှိပြီး မဲရုံ ငါးထောင်လေးရာ ကျော်ဖွင့်လှစ်ရန် ရွေးကောက်ပွဲကော်မရှင်ကလျာထားကြောင်းသိရသည်။

 ထိပ်ထားနိုင်