သီပေါ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဆိုရာမှ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ စီမံခန့်ခွဲမှုပညာ စသည်ဖြင့် ပညာရပ် အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်ဖြင့် ကိုက်ညီသော ရည်မှန်းချက်များ ရှိရမှာဖြစ်ကြောင်း၊ ထိုရည်မှန်းချက်ကို အဓိကထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ တန်ဖိုးရှိသော အချိန်များ အလကားမဖြစ်စေရန် အကျိုးရှိစွာကုန်ဆုံးစေလိုကြောင်း၊ ရည်မှန်းချက်ရှိသူနှင့် မရှိသူများသည် ဘဝတိုးတက်မှု ကွာခြားပါကြောင်းစသည်ဖြင့် “လူငယ်နှင့်ရည်မှန်းချက်”ဆိုင်ရာ အကြောင်းအရာများနှင့် လူတစ်ယောက်တွင် အကျင့်စာရိတ္တ ကောင်းမွန်မှန်ကန်ဖို့ရန် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ မည်မျှပင်တော်တော် အကျင့်စာရိတ္တ မကောင်းလျှင် လူတော်တစ်ယောက်ဖြစ်နိုင်မည်။ သို့သော် လူကောင်းတစ်ယောက် မဖြစ်နိုင်ပါကြောင်း၊ စာရိတ္တကောင်းသူသည် စိတ်ဓာတ်ကောင်းသူဖြစ်ပါကြောင်း၊ စိတ်ကောင်းရှိဖို့ဆိုသည်မှာ သူတစ်ပါးကို ချောက်မတွန်းသူ။ သူတစ်ပါးပစ္စည်းမခိုးသူ။ သူတစ်ပါးဒုက္ခရောက်အောင်မလုပ်သူ။ သူတစ်ပါးကို ကူညီသူ။ အများအကျိုးအတွက်ဆောင်ရွက်တတ်သူ။ အတ္တစိတ်နည်းပြီး ပရဟိတစိတ်များသောသူကို ခေါ်ဆိုပါကြောင်း၊ စိတ်ကောင်းစေတနာကောင်းများ မွေးမြူသွားရမှဖြစ်ပါကြောင်း၊ စာရိတ္တကောင်းရုံတင်မဟုတ် ၊ စာရိတ္တလိပ်ပြာလုံရန်၊ စာရိတ္တမာနရှိဖို့ရန်လည်း လိုအပ်ပါကြောင်း စသည်ဖြင့် “လူငယ်နှင့်စာရိတ္တ”ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ဟောပြောပွဲ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)