ကော့မှူး မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့များဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်းရှိ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် လူငယ်လူရွယ် များအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို အစဉ်အမြဲကျင်းပနေကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်းမှ Book Club အသင်းအဖွဲ့ဝင် မြို့နယ်စာရေးဆရာ အသင်းမှ (အတွင်းရေးမှူး)ဦးခင်ဇော်(ခင်ဇော်ကော့မှူး)ကစာရေးဆရာကိုကိုလင်း အမေ့အိမ်ရေးသားသည့် “တိုင်းပြည်အနာဂတ်ကိုထုဆစ်ခြင်း” စာအုပ်ထဲက မျိုးစေ့မှန်၍ အပင်သန်ပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အဖွဲ့ဝင် ဒေါ်ခင်ထွေးရီက “အရောင်အသွေးစုံသော လောကဥယျာဉ်ဆီသို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်တင်သန်းက “သွန်သင်မှုမပါသော ဆုံးမမှုများ” ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဦးခင်ဇော်(ခင်ဇော်ကော့မှူး)ကဦးဆောင်ဆွေးနွေးသူအဖြစ် ဆွေးနွေးရာ မျိုးစေ့ကားကောင်း၏ ပတ်ဝန်းကျင်မြေဆီဩဇာလည်းကောင်း၏၊ သို့သော် အပင်မသင်ပေ၊ အကြောင်းမှာပျိုးထောင်နည်း မှားယွင်းနေသောကြောင်း၊ ပန်းကိုလိုအပင် ပျိုးတတ်ရမည်၊ ထို့အတူတိုင်းပြည်၏အနာဂတ်သည် လူငယ်မျိုးစေ့လေးများဖြစ်ပါကြောင်း၊ ထို့လူငယ်မျိုးစေ့လေးများလောကအလယ် ငွားငွားစွင့်စွင့်ဖူးပွင့်လာစေဖို့ မိဘဆရာတို့သည် နည်းမှန်လမ်းမှန်ဖြင့် ဆုံးမလမ်းညွှန်တတ်ရန်လိုပါကြောင်း၊ သို့မှသာမျိုးစေ့မှန်၍ အပင်သန်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများကစာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)