မုံးထ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ရာသီစာဖက်မန်းရွက် ခူးဆွတ်ရောင်းချသူများ ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရာသီစာဖက်မန်းရွက်သည် အလေ့ကျပေါက်ရောက်သည့် ဟင်းချိုရွက် အပင်တစ်မျိုးဖြစ်ပြီး အခြားဒေသများတွင် ပေါက်ရောက်လေ့မရှိဘဲ မုံးထမြို့ရှိ တောင်ကုန်းများတွင် ပေါက်ရောက်ကာ နွေဦးကာလရောက်ရှိချိန် တောမီးလောင်ပြီးပါက ထွက်ရှိလာသည့် ရွက်နုတစ်မျိုးဖြစ်သည်။
အဆိုပါ ဖက်မန်းရွက်သည် အခြားဟင်းရွက်များကဲ့သို့ ဟင်းခတ်မှုန့်ထည့်ချက်စရာမလိုဘဲ ဖက်မန်းရွက်၏ ပင်ကိုယ်အရသာသည် ထူးကဲစွာချိုမြိန်ပြီး၊ ရှမ်းခေါက်ဆွဲဖြင့် ထည့်စားခြင်း၊ ကြက်ဥဖြင့် ရောနှောကြော်စားခြင်းနှင့် ဟင်းချိုရည်အဖြစ် ချက်ပြုတ်စားသောက်ခြင်းများ ပြုလုပ်နိုင်သည့် ဟင်းချိုရွက် တစ်မျိုးဖြစ်သည်။
ဖက်မန်းရွက် ပေါ်ချိန်တွင် မုံးထမြို့ရှိ ဒေသခံပြည်သူများက ၎င်းအပင်ပေါက်ရောက်သည့် တောင်ကုန်းများသို့သွားရောက်၍ တစ်ပိုင်တစ်နိုင်ခူးဆွတ်ကာ ရောင်းချလေ့ရှိကြပြီး ဖက်မန်းရွက် တစ်ကီလိုလျှင် ယခင်နှစ်က(၅၀၀၀)ကျပ်ရရှိပြီး ယခုနှစ်တွင် တစ်ကီလိုလျှင်(၈၂၀၀)ကျပ်ခန့်ရရှိပြီး ယခင်နှစ်ထက် ပိုမိုဈေးကောင်းရရှိသဖြင့် ခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)