မိတ္ထီလာ မတ် ၁၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ကို ကြည့်ရှု့စစ်ဆေးကာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့သည်။ ထို့နောက် ခရိုင်ရုံးတွင် စေတနာ ဆရာမဖြင့် ပူးပေါင်း၍ ဖွင့်လှစ်ထားသော နွေရာသီ ဂျပန်စကားပြော သင်တန်းတက်ရောက်နေသည့် ကျောင်းသူကျောင်းသားများ တွေ့ဆုံပြီး အသိပညာ ဗဟုသုတ ရှာဖွေဆည်းပူးရေးကို မှာကြားခဲ့သည်။
ထို့နောက် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ရုံးတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ညှိနှိုင်းဖွင့်လှစ်ထားသော ရှေးဦးသူနာပြုစုနည်း သင်တန်းကို ကြည့်ရှု့၍ နည်းပြကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူများအား တွေ့ဆုံအားပေးပြီး ပညာကြိုးစားရေး နှင့် လူမှုရေးကိစ္စများတွင် စိတ်ပါဝင်စားကြရန်မှာကြားသည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးသို့ ရောက်ရှိပြီး မြို့နယ်မြန်မာ့ရိုးရာ သိုင်းဆပ်ကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်ထားသော အခြေခံသိုင်းပညာသင် တန်း ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်ထားသော Fitness Dance သင်တန်းတို့ကို ကြည့်ရှု့ပြီး သင်တန်းနည်းပြများ၊ သင်တန်းသူသင်တန်းသား ကျောင်းသူကျောင်းသားများအား တွေ့ဆုံ၍ ဗလငါးတန်နှင့် ပြည့်ဝသော ပညာတတ် လူတော် လူကောင်းများဖြစ်အောင် ကြိုးစားရေးအားပေးမှာကြားသည်။ ထို့နောက် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ ခရိုင်ရုံးဝန်ထမ်းများ၊ သာစည်မြို့နယ်နှင့် မလှိုင်မြို့နယ်တို့မှ ဦးစီးမှူးများ၊ မြန်မာရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံမှူးတို့အား တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နွေရာသီကာလ ကျောင်းပိတ်ရက်တွင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားရေး၊ ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ ဝန်ထမ်းကောင်းများ ဖြစ်အောင်ကြိုးစားလုပ်ကိုင်ကြရေး ၊ နွေရာသီဖြစ်၍ ရုံးအဆောက်အဦ များ မီးဘေးအန္တရာယ် ကာကွယ်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရသည်။
ခရိုင်(ပြန်/ဆက်)