သီပေါ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက စားသုံးသူများ၏ အခွင့်အရေးကို စားသုံးသူကာကွယ်ရေး ဥပဒေတွင် အခန်း(၉)၊ ပုဒ်မ(၁၉)ဖြင့် ပြဌာန်းထားပါကြောင်း၊ စားသုံးသူများ ရရှိနိုင်သည့် အခွင့်အရေးအချက်(၈)ချက်ဖြစ်သည့် စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း၊ ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်ဝယ်ယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စများတွင် ရှင်းလင်း တင်ပြခွင့်၊ တိုင်ကြားခွင့်ရရှိစေခြင်း၊ စားသုံးသူများ ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို ကုစားခွင့်ရှိခြင်း၊ အသိပညာနှင့်အခွင့်အရေးများသိရှိလေ့လာခွင့်ရှိခြင်း၊ အနာဂတ်မျိုးဆက်များ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်မှုရရှိစေခြင်း အစရှိသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)