တွံတေး မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိညာပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီ၌ ဘုရားငုတ္တိုကျေးရွာလမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကညနအနေဖြင့် နိုင်ငံပိုင်ဌာနဆိုင်ရာများ အဝေးပြေးခရီးသည်တင်ယာဥ်များ၊ မြို့တွင်းခရီးသည်တင်ယာဥ်များ၊ တက္ကစီယာဥ်များ၊ ကုန်တင်ယာဥ်များ အားလုံးကို မတ်လ ၃၁ ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြား ပုံစံသစ်ပြောင်းလဲတပ်ဆင်ပေးလျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်နီးပါးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကလူစီးယာဥ်အားလုံး ဦးစားပေးပြောင်းလဲတပ်ဆင်ပေးသွားမည်ဖြစ်ရာ လူစီးယာဥ်အားလုံး နှစ်လဲသပ်တမ်းတိုးချိန် စေ့ရောက်သည်ဖြစ်စေ မစေ့ရောက်သည်ဖြစ်စေသက်ဆိုင်ရာ ကညနရုံးများသို့ ဆက်သွယ်၍ ဖောင်းကြွနံပါတ်ပြား ပုံစံသစ်များ အမြန်ဆုံး ပြောင်းလဲ တပ်ဆင်ကြရန် အသိပေးနှိုးဆော်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ယာဥ်ထိန်းရဲတပ်စု(၅၇)မှ ယာဥ်ထိန်းတပ်စုမှူး ဒုရဲမှူးခင်မောင်ထွန်း ဦးဆောင်သည့်အဖွဲ့သည် မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ် တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးပြီး တပ်ဆင်ခြင်းမရှိသေးပါက မတ်လ(၃၁)ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်တပ်ဆင်သွားရန်နှင့် အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်အသုံးပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တွံတေးသား